အထိန်းအကွပ်မဲ့ရယ်မိ၊ငိုမိခြင်း (Pseudobulbar effect)
Pseudobulbar effect ဆိုတဲ့ အခြေအနေဟာ ဖြစ်နေတဲ့အခြေအနေနဲ့၊ စိတ်ထဲက စိတ်ခံစားချက်တွေနဲ့ မဆီမဆိုင်၊ ရုတ်တရက် မထိန်းနိုင်မသိမ်းနိုင် ထရယ်မိ၊ ထငိုမိတတ်တဲ့ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီလို ကြုံတွေ့နေရတဲ့သူဟာ ဦးနှောက်မှာ စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ cerebellum ဆိုတဲ့အပိုင်းမှာ ပြသာနာရှိနေတာ၊ ထိခိုက်ဒဏ်ရာရထားတာ ဖြစ်ပါတယ်။
Pseudobulbar effect ခံစားနေရသူဟာ ပုံမှန်စိတ်ခံစားချက်နဲ့ နေနေတဲ့အချိန်ရှိသလို တစ်ခါတစ်ရံမှာ လွန်ကြူးတဲ့၊ မဆီလျော်တဲ့ နည်းလမ်းနဲ့ ပေါက်ကွဲဖော်ပြတဲ့အချိန်တွေလည်း ရှိနေပါတယ်။ ရလဒ်အနေနဲ့ကတော့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားထဲမှာ အရှက်ရပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
လက္ခဏာများ
အစောပိုင်းကာလ လက္ခဏာကတော့ စိတ်မထိန်းနိုင်ဘဲ ရယ်မိ၊ ငိုမိတာ အတိုင်းထက်အလွန် ဖြစ်နေတတ်တယ်။ ရယ်တာ မျက်ရည်ထွက်တဲ့အထိ မိနစ်အနည်းငယ်ကြာတဲ့အထိ ဖြစ်နေမယ်။ (ဥပမာ ရိုးရှင်းတဲ့ ဝေဖန်ချက်လေးတစ်ခုအတွက် မထိန်းနိုင်ဘဲ အရမ်းရယ်မိတာမျိုး၊ သူများတွေအတွက် ရယ်စရာ၊ ဝမ်းနည်းစရာ မဟုတ်တဲ့ အနေအထားမှာ ကိုယ်က ရယ်နေ၊ ငိုနေတာမျိုး၊ အခြေအနေတူဖြစ်ရပ်တွေအတွက် တုံ့ပြန်ပုံ မတူတာမျိုး စသဖြင့်)
ဒီအခြေအနေကို ရောဂါနာမည်လွဲတာ၊ စိတ်ဓာတ်ကျတဲ့အခြေအနေနဲ့ မှားလေ့ရှိပါတယ်။ အကြောင်းကတော့ အထိန်းအကွပ်မဲ့ ရယ်မိတာထက် ရုတ်တရက် ထငိုတဲ့အခြေအနေက အတွေ့ရများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဒါပေမဲ့ Pseudobulbar effect (PBA) ရှိတဲ့ကာလဟာ တိုတောင်းပါတယ်။ စိတ်ဓာတ်ကျတဲ့သူကတော့ အချိန်အကြာကြီး တောက်လျောက် ဝမ်းနည်းနေမှာပါ။ ပြီးတော့ PBA ရှိသူတွေမှာ depression သမားတွေမှာ ရှိတတ်တဲ့ အစားအသောက်ပျက်တာ၊ အိပ်ရေးပျက်တာတွေ မရှိပါဘူး။ Depression နဲ့ PBA မတူသော်ငြား depression ရှိသူတွေမှာလည်း PBA ရှိနေတတ်ပြန်ပါတယ်။
အကြောင်းအရင်းများ
အာရုံဆိုင်ရာ ထိခိုက်ထားတဲ့ ပြသာနာတွေဖြစ်တဲ့
- လေဖြတ်ခြင်း
- ဦးနှောက်ကို ထိခိုက်တဲ့ မတော်တဆဖြစ်ရပ်တွေ
- အယ်လ်ဇိုင်းမာရောဂါ (Alzheimer's)
- ပါကင်ဆန်ရောဂါ (Parkinson)
- အတက်ရောဂါ
- ဦးနှောက်အကြိတ်
- ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ ထိခိုက်ပျက်စီးတာကြောင့် ကြွက်သားတွေ မထိန်းချုပ်နိုင်တော့တဲ့ Amyotrophic lateral sclerosis
ကုသပုံနည်းလမ်း
ကုသမှုကတော့ မထိန်းနိုင်မသိမ်းနိုင် အခြေအနေကို အကြိမ်ရေ လျှော့ချဖို့ ရည်ရွယ်ပြီး ဦးနှောက်အတွင်း Serotonin ပမာဏ များစေတဲ့ ဆေးဝါးတွေ၊ ခန္ဓာကိုယ်ထဲ dextromethorphan များစေတဲ့ ဆေးဝါးတွေ ပေးပါတယ်။
နောက်ဆက်တွဲအနေနဲ့ နေ့စဉ် အလုပ်ခွင်မှာ၊ လူ့ပတ်ဝန်းကျင်မှာအဆင်မပြေတာ၊အရှက်ရတာ၊ရှောင်ဖယ်ချင်လာတာ၊ စိုးရိမ်ပူပန်လာတာ၊ စိတ်ဓာတ်ကျတာတွေ ခံစားလာရပါတယ်။ အကယ်၍ PBA လို့ သံသယရှိရင် ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်၊ စိတ်ရောဂါအထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာကြည့်ပါ။
ရေးသားသူ - Dr. May Myat Tun